ဓာတ်မတည့်မှု သက်သာစေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးစို့
ဓာတ်မတည့်မှု (Allergy) ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအစာ၊ ကိုယ်အသုံးပြုနေတဲ့ အရာဝတ္ထုတွေကြောင့်တင်မဟုတ်ဘဲ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပူရာမှ အေးရာ၊ ဒါမှမဟုတ် အေးရာကနေ ပူသွားတာလိုမျိုး ရာသီအကူးအပြောင်း ဖြစ်သွားတဲ့အခါ လေထုဖိအား ပြောင်းသွားတာ၊ လေထဲမှာ ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အင်းဆက်ပိုးမွှား၊ အမှုန်အမွှား၊ မှိုပိုးတွေ များလာပြီး ရှူရှိုက်လိုက်ရာကနေ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတာကြောင့် ဓာတ်မတည့်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ ရာသီဥတုကြောင့် ဓာတ်မတည့်ခြင်းလက္ခဏာတွေဟာ သာမန်ဓာတ်မတည့်မှုနဲ့ ဆင်တူပြီး ရာသီဥတုကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ တော်ရုံသတိမထားမိတတ်ပါဘူး။
ရာသီအကူးအပြောင်း ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေကတော့ -
- နှာချေခြင်း
- နှာရည်ယို၊ နှာပိတ်ခြင်း
- မျက်လုံးယားပြီး မျက်ရည်ကြည်ထွက်ခြင်း
- လည်ချောင်း၊ နှာခေါင်း၊ နားပေါက်အတွင်း ယားယံခြင်း
- နားပိတ်ခြင်း
- ခေါင်းကိုက်ခြင်း
- အသက်ရှူမဝဖြစ်ခြင်း
- ချွဲသံနဲ့ သက်ပြင်းရှိုက်တတ်ခြင်း
- ချောင်းဆိုးခြင်း စတာတွေပဲဖြစ်ပါတယ်။
ဒီလိုမျိုး ရာသီအကူးအပြောင်း ဓာတ်မတည့်ခြင်းလက္ခဏာဖြစ်သူတွေ အများစုဟာ ပန်းနာရင်ကြပ် (Asthma) ရှိနေသူတွေဖြစ်ပြီး သူတို့အတွက် ဒီလိုရာသီကူးပြောင်းတဲ့အချိန်ဟာ ပုံမှန်အချိန် ရင်ကြပ်ရောဂါပိုဖောက်တတ်တဲ့ အချိန်တွေပဲဖြစ်ပါတယ်။
ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်ခြင်းကို သက်သာစေဖို့ ကာကွယ်လို့ရသလို ဆေးဝါးနဲ့လည်း လက္ခဏာတွေကို သက်သာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရောဂါမဟုတ်တာကြောင့် ကုသနည်းလမ်းတော့ မရှိပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြင်နိုင်တဲ့နည်းလမ်းတွေထဲမှာ အလွယ်တကူ လုပ်ပေးနိုင်တာတွေကတော့ -
၁။ လေ့ကျင့်ခန်းလုပ်ပေးတာပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဓာတ်မတည့်မှုကို တိုက်ရိုက်ကုသပေးတာ မဟုတ်ပေမဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စနစ်ကို မြန်ဆန်စေတယ်။ ဒီအခါ ပြင်ပကနေ ဝင်လာတဲ့ အမှုန်အမွှားတွေကို ခန္ဓာကိုယ်ကနေ ကောင်းစွာတုံ့ပြန်နိုင်သလို၊ ဒီလိုဓာတ်မတည့်မှုတွေကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီအကူးအပြောင်းကာလမှာ Gym မှာသွားပြီး အပြင်းအထန် အလေးမသည်ဖြစ်စေ၊ ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုကို လိုက်စားတာဖြစ်စေ၊ နေအိမ်၊ အနီးပတ်ဝန်းကျင်မှာ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးခြင်းနဲ့လည်း ဓာတ်မတည့်ခြင်းကို သက်သာအောင် လျှော့ချပေးနိုင်ပါတယ်။
၂။ ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းနေဖို့ကို သေချာဂရုစိုက်ပါ။ များသောအားဖြင့် ရာသီအကူးအပြောင်းကာလမှာ ဓာတ်မတည့်ဖြစ်တယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်က ဖုန်မှုန့်၊ ပိုးမွှားတွေနဲ့ ပန်းဝတ်မှုန်စတာတွေကြောင့် ဖြစ်တာပါ။ ဒီအတွက် ကိုယ့်ဘက်က ကာကွယ်ပေးနိုင်တာဆိုရင် အိမ်တွင်းပတ်ဝန်းကျင်၊ အိပ်ခန်းကို အမြဲဖုန်ခါ၊ လဲလှယ်ပါ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်ပေးပါ။ အပြင်သွားတော့မယ်ဆိုရင် လူများပြီး ဖုန်တက်တဲ့နေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ မဖြစ်မနေသွားရမယ်ဆိုရင် Mask တပ်ပြီး သွားပါ။ အိမ်မှာ ပြတင်းပေါက်၊ တံခါးတွေကို မလိုအပ်ဘဲ ဖွင့်ထားတာမျိုး ရှောင်ကြဉ်ပြီး တတ်နိုင်သလောက် ပိတ်ထားပေးပါ။
၃။ ဆေးဝါးကုသမှုအနေနဲ့ ဓာတ်မတည့်လက္ခဏာ သက်သာစေတဲ့ သောက်ဆေးတွေကို ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ သောက်ပေးတာ ဒါမှမဟုတ် ဓာတ်မတည့်ခြင်းအတွက် ကြိုတင်ဆေးထိုးတာမျိုး၊ နှာခေါင်းဖျန်းဆေးတွေ ဖျန်းပေးတာ၊ အိမ်တွင်းမှာ လေထုအစိုဓာတ်ထိန်းစက် (Humidifier) အသုံးပြုတဲ့နည်းလမ်းတွေကို လုပ်ပေးနိုင်ပါတယ်။
ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်လက္ခဏာတွေကို အမြဲမကာကွယ်နိုင်ဘူးဆိုရင်တောင် ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ခုပြောသွားခဲ့တဲ့ နည်းလမ်းတွေကို သေချာလုပ်ကြည့်ပေးစေချင်ပါတယ်။ အကယ်လို့ ဓာတ်မတည့်လက္ခဏာတွေဟာ ကိုယ့်အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးလိုက်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်